လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

လိပ်သို စက်တင်ဘာလ ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာ ရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင်  မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက  ပြည်သူများနှင့် ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက်  ပုံပြင်၊ ရုပ်ပြစာအုပ်များ  စုံလင်စွာ သယ်ဆောင်၍  Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းခဲ့ရာ တစ်ပတ်ပြည့်လျှင်  စာအုပ်စာစောင်အသစ်များဖြင့် အစားထိုး ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့်  ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စာပေဖတ်ရှုသည့်  အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာ ရုံးများသို့ အပတ်စဉ် သွားရောက်၍ သုတ၊ ရသစာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)