မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

မြဝတီ စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို စက်တင်ဘာ ၂၁ ရက်မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်   ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစား အသက်ကြီးသူများနှင့်ကျန်းမာရေး မကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သတ်မှတ်ရက် ဘဏ်ဖွင့်ချိန်အတွင်း ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူက ပြောသည်။

အဆိုပါ ပင်စင်လစာငွေများကို ထုတ်ပေးရာတွင်  စက်တင်ဘာ ၂၁ ရက်နေ့ထိ ပင်စင်စားဦးရေ ၅၆၁ ဦး တွက်ငွေကျပ် ခုနှစ်ရာနှစ်သိန်း လေးသောင်းကိုးထောင် ကိုးရာသုံးဆယ်ခြောက်တိတိကို ထုတ်ပေးပြီးဖြစ်ကာ ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို  ဘဏ်ဖွင့်ချိန် နေ့စဉ် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)