အမာ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်း ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဥ်သိန်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက် ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့် “လောကကြီးကို အနိုင်ယူတာ စိတ်ထားပါ” စာအုပ်မှ လူငယ်အမေး စာရေးဆရာ အဖြေကဏ္ဍကိုဦးဆောင် ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင် များကလည်း မိမိတို့ စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ကလေးများ ဉာဏ်ရည်ထက်မြက်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များ ငှားပေးခြင်း၊ အားကစားပြိုင်ပွဲ များကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်အောင်