၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပခုက္ကူခရိုင်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၁ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်

ပခုက္ကူ  အောက်တိုဘာ ၁၉

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပခုက္ကူခရိုင်အတွင်း နိုင်ငံရေးပါတီ(၇) ပါတီများမှ စိစစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၉ ဦး၏ အမည်စာရင်းကို အတည်ပြု ကပ်ထား ကြေညာခဲ့သော်လည်း ပြန်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်နေ့၌ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ပြီး နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာခဲ့သောကြောင့် လွှတ်တော်ကိုယ်စား လှယ်လောင်း ၈၁ဦးသာ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

 “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသော ညီညွှတ်သောဒီမိုကရက် တစ်ပါတီ (UDP)သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၄)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ(ခ)၊(ဂ)၊(စ)တို့ပါ ပြဋ္ဌာန်းချက်များနှင့်ငြိစွန်းကြောင်း တွေ့ရှိသည့်အတွက် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၇ရက်နေ့၌ ကြေညာချက်အမှတ်(၁၉၈/၂၀၂၀) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက် ပြီး နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာခဲ့သောကြောင့် ပခုက္ကူခရိုင်အတွင်း နိုင်ငံရေးပါတီ ခြောက်ပါတီမှ ၈၁ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း၊ ပခုက္ကူခရိုင်တွင် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(UDP)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ၅နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အတွက် ၃နေရာ၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အတွက် ၅နေရာနှင့် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အတွက် ၅နေရာ စုစုပေါင်းလွှတ်တော် ကိုယ်စား လှယ်လောင်း ၁၈ ဦး မှတ်ပုံတင်ထားခဲ့ကြောင်း၊ ယခုအခါ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက် တစ်ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ စသည့်နိုင်ငံရေး ပါတီများမှ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအတွက် ကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်ကြမည ်ဖြစ်ကြောင်း” ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောပြသည်။

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပခုက္ကူ ခရိုင်တွင် ရပ်ကွက် (၅၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၂၉) အုပ်စု၊ ကျေးရွာပေါင်း(၄၈၃)ရွာတို့တွင် မဲရုံပေါင်း (၁,၁၄၉)ရုံ၊ မဲဆန္ဒရှင်ပြည်သူ (၈၇၇,၀၃၆) ဦးရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)