ပွင့်ဖြူ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယခုရက်ပိုင်း မိုးရွာသွန်းမှုများကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာပြီး ယမန်နေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် (၃၄၀) ပေ အထက် တမံရေပိုလွှဲမှ ၅ ဒသမ ၃ ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် စက်တင်ဘာလဆန်းပိုင်းက မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့ရာမှ ယခုရက်ပိုင်းတွင် ထပ်မံ၍ မိုးရွာသွန်းမှုများကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့၍ တမံရေပြည့်အမှတ်ဖြစ်သည့် (၃၄၀) ပေ အထက် ၅ ဒသမ ၃ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း သိရသည်။ ထိုသို့ တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း တမံအောက်ဘက်ရှိ ဒေသခံ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ အဆိုပါ တမံရေပိုလွှဲမှ ရေကျော်ကျမှုနှင့်ပတ်သက်ပြီး တာဝန်ကျဝန်ထမ်းများက အလှည့်ကျရေကင်းများ စောင့်ကြပ်ကြည့်ရှုစစ်ဆေးပြီး တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် သဘာဝဘေး အန္တရာယ်ကင်းဝေးစေရေးစီမံချက်အရ နေ့စဉ်တမံအတွင်း မိုးရေဝင်ရောက်မှု အခြေအနေကို အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေဖူလုံစွာ အကျိုးပြုပေးလျက်ရှိသည့်အပြင် ယခုလို မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာပါက ရေအားလျှပ်စစ်စက်ရုံအား ၂၄ နာရီ စက်လည်ပတ်၍ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အားလိုင်သို့ ပို့လွှတ်ကာ ပြည်သူလူထု လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် တမံအတွင်း မိုးရေသိုလှောင် စုဆောင်းထားရှိနိုင်ပြီဖြစ်၍ ဒေသတွင်းရှိ တောင်သူများအတွက် ရာသီအလိုက် သီးနှံများအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် မဲဇလီရေလွှဲဆည်သို့ ရေများပို့လွှတ်ကာ စိုက်ပျိုးရေ အလုံအလောက်ရရှိအောင် ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )