ကျောင်းကုန်း စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မိမိတို့ရပ်ကွက်/ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးငယ်များ လက်ဝယ်သို့အရောက် ပေးပို့ကြစေလိုကြောင်း ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရပြည့်ဝစေရေးနှင့် ကျန်းမာကြံ့ခိုင်သည့်ကလေးငယ်များ မွေးဖွားပေးနိုင်ရန် ယခုလို ထောက်ပံ့ပေးရခြင်းဖြစ် ကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကိုယ်ဝန်ဆောင်မိခင် (၁၁၅၀)ဦး၊ အသက် (၂)နှစ်အောက် ကလေး (၂၂၈၀)ဦး၊ စုစုပေါင်း (၃၄၃၀)ဦးတို့အတွက် ငွေကျပ် (၁၄၆၈)သိန်း ကျော်ကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၀)သို့ မြို့နယ်မှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)