ကိုဗစ် -၁၉ ကာလအတွင်း တောင်ငူမြို့နယ်ရှိ မသန်စွမ်း (၄၀)ဦးအား စားနပ်ရိက္ခာများ ထောက်ပံ့ 

တောင်ငူ အောက်တိုဘာ ၁၉


တောင်ငူမြို့နယ်၌ ကိုဗစ် -၁၉ ကာလအတွင်း အခက်အခဲရှိသည့် မသန်စွမ်းများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ် လူငယ်ရေးရာ ကော်မတီမှ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (တောင်ငူ) မှ (၂၀)ဦး နှင့် တွဲလက်ညီ မသန်စွမ်းများအဖွဲ့ မှ (၂၀) ဦး ကို အဆိုပါကော်မတီမှ အဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
“အခုလို ကိုဗစ် -၁၉ ကာလမှာ မသန်စွမ်းများအနေနဲ့ မိသားစုအပေါ်မှီခိုရတာဖြစ်လို့  မိသားစုက အခုလို အခက်အခဲဖြစ်နေချိန် ကျွန်တော်တို့အဆင်မပြေပါဘူး။ ကျန်းမာရေးကအစ ထောက်ပံ့မှုတွေတော့ လိုချင်တာပေါ့။ မိသားစုဝင်တွေစားဝတ်နေရေးအကြပ်အတည်းပေါ်မှာ မှီခိုနေရတဲ့ မသန်စွမ်းတွေမှာလည်း ပိုမိုကြပ်တည်းမှုတွေရှိတယ်” ဟု   မသန်စွမ်းတစ်ဦးက ပြောကြားသည်။ 
“တောင်ငူမြို့နယ်ထဲမှာရှိတဲ့ မသန်စွမ်းတွေထဲက ဆင်းရဲနွမ်းပါးပြီး မိသားစုအလိုက် အခက်အခဲ ဆုံး ဖြစ်နေသူတွေနဲ့ ဉာဏ်ရည်မမှီသူများကို တစ်ဦးလျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ဆန်များ ၊ ဆီများ ၊ ငါးသေတ္တာဗူးများ ၊  ခေါက်ဆွဲခြောက်ထုပ်များကို ဦးရေ (၄၀) ဦးအတွက် ကော်မတီရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်  လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ် လည်း လှူဒါန်းဖို့ ရှိပါတယ် ´´  ဟု မြို့နယ်လူငယ်ရေးရာကော်မတီ မှ တာဝန်ခံတစ်ဦးက ပြောကြားသည် ။ 
ဇော်ထက် (တောင်ငူ)