သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်

သာပေါင်း စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စက်တင်ဘာလ ၁၄/၁၅ ရက်နေ့များက မိုးသက်လေပြင်းတိုက်ခတ်၊ မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်(၂)လုံးပြိုကျ၊ အိမ်(၁)လုံး အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုးသက်လေပြင်းတိုက်ခတ် မြစ်ရေဝင်ရောက်မှုကြောင့် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် က သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သင်္ကန်းပင်ဆိပ် ကျေးရွာ နေထိုင်သူ ဦးလှထွဋ် နေအိမ်၊ စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်က ဆင်လမ်းကျေးရွာအုပ်စု၊ ဒိုက်ကြီးကုန်း ကျေးရွာတွင် မြစ်ရေမြင့်တတ် ရေဝင်ရောက်ပြီး မိုးသည်းထန် လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်ပြိုလဲ၍ ဦးကျော်ကျော်ဦး နေအိမ်နှင့် သရက်တော ကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာနေထိုင်သူ ဦးအေးမင်းနေအိမ် အမိုးလန်ပျက်ဆီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု(၃)၊ လူဦးရေ(၁၆)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၃၃၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၉၀၀၀၀)ကျပ်၊ စုစုပေါင်း (၃၂၃၆၀၀)ကျပ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းတို့မှ ဘေးသင့်မိသားစု လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်