ပင်လည်ဘူး အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး အတွက် မဲလက်မှတ်များအား စစ်ဆေး ဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူရရှိသည် စာရင်းများနှင့်ကိုက်ညီမှုရှိ/မရှိ၊ ဆန္ဒမဲလက်မှတ်အရွက်ရေပြည့်/မပြည့်၊ စုတ်ပြဲ စွန်းထင်းသော ဆန္ဒမဲလက်မှတ်များ ပါရှိခြင်းရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ်များ ဟုတ်/မဟုတ်၊ ဆန္ဒမဲလက်မှတ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်နှင့်သင်္ကေတအမှတ်အသား တံဆိပ်များပါ/မပါနှင့် မှန်ကန်မှု ရှိ/မရှိတို့အား ဖွင့်ဖောက် စစ်ဆေးခဲ့ကြသည်။
ပင်လည်ဘူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင့်မည့် ပါတီပေါင်း(၆) ခုရှိပြီး မဲဆန္ဒရှင်ပေါင်း (၈၃၆၆၀)ဦးရှိကာ မဲရုံပေါင်း(၁၂၈)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)