နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၊ အားကစားကွင်းနှင့်အားကစားရုံများ လှည့်လည်ကြည့်ရှု၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

လွိုင်ကော် စက်တင်ဘာ ၂၂

ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ကြက်တောင်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို ဘက်စုံကဏ္ဍစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ပြည်နယ်အတွင်းရှိ အားကစားဝါသနာရှင်များကလည်း နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်အားကစားနှင့် လူငယ်ရေးရာကဏ္ဍနှင့် ပတ်သက်၍ဆောင်ရွက်နေမှုများ၊  ပြည်နယ်အတွင်း အားကစားကွင်းများဆောင်ရွက်ထားရှိမှု၊ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်မှု၊ အားကစားကဏ္ဍအတွက် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ အားဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ်အတွင်း အားကစားဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားကွင်း၊ အားကစားရုံအတွင်းရှိ အားကစားပွဲကြည့်စင်များနှင့် မီတာ (၄၀၀) ပြေးလမ်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ကရာတေးအားကစားရုံ၌ ကျင်းပပြုလုပ်သည့် ကယားပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး အသက် (၂၅) နှစ်အောက် ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းတွင် ဘက်စုံထူးချွန်သည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရေးကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံနှင့်ပြည်နယ်ဂုဏ်ကိုဆောင်နိုင်ပြီး ဘက်စုံထူးချွန်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်မှန်းချက်ထားပြီး သက်ဆိုင်ရာဦးစီးဌာနနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘောလခဲမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် ကိုယ်စားပြုယှဉ်ပြိုင်ကြသည့် အမျိုးသားဘောလီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်အား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး အားကစားသမားများအားလည်းကောင်း၊ အမျိုးသမီးဘောလီဘော ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ဒီးမော့ဆိုမြိုနယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း၊ အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် လွိုင်ကော်မြိုနယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လွိုင်ကော်မြို့နယ်အသင်း၊ အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဘောလခဲမြို့နယ်အသင်း၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှားတောမြို့နယ်အသင်းနှင့်အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒီးမော့ဆိုမြို့နယ်အသင်းတို့အား ဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး ဆုရအားကစားသမားများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)