ပေါက်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများ လုံခြုံရေး ချိတ်ပိတ်ဆောင်ရွက်

ပေါက် အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင် ဆန္ဒမဲ လက်မှတ် များအား မြို့နယ်ကြိုတင်မဲပုံးများတွင်ထည့်သွင်း၍ လုံခြုံရေးကြိုးများ ချိတ်ပိတ်ဆောင်ရွက်ခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဆောင်ရွက်သည်‌။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာနိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် မဲပုံးများကို ရှင်းလင်း ပြသပြီး မဲဆန္ဒနယ်မြေပြင်ပရောက်ပြည်သူများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များအား သက်ဆိုင် ရာ လွှတ်တော်မဲပုံးများသို့ ထည့်သွင်းကာ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခဲ့ကြသည်။

ပေါက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၄) ပါတီရှိပြီး ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာပြီးချိန် အထိ အသက်(၁၈)နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်ပေါင်း (၁၄၇,၁၁၄) ဦးနှင့် မဲရုံပေါင်း (၂၁၃) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဥမ္မာကျော်(ပြန်/ဆက်)