ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ပန်းတောင်း စက်တက်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်မြင့်နှင့်ဝန်ထမ်းများ၊ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုတို့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ ယမန်နေ့နံနက်ပိုင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ခရိုင် လူမှုဝန်ထမ်းရုံး ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း ဆွေးနွေးပြောကြားကာ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်မြင့်မှ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)