ကန့်ဘလူ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(၁)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်သန်းက အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဉ်ဘဝကပင် ကောင်းမွန်သော အလေ့အကျင့် များကို နည်းစနစ်မှန်စွာ လုပ်ကိုင်ပြုမူ နေထိုင်တတ်ဖို့လိုကြောင်း၊ မကောင်းတဲ့ အပြုအမူအကျင့်များကို လုပ်ဆောင်ပါက မကောင်းတဲ့ အလေ့အထအကျင့်စရိုက်စွဲမြဲတတ်ကြောင်း၊ လူ့အဖွဲ့အစည်းက အကျင့်မကောင်းသူအဖြစ် သတ်မှတ်ခြင်းခံရပြီး ကာယကံရှင် ကိုယ်တိုင်လည်း ဒုက္ခရောက်ပြီး လမ်းမှားရောက်စေနိုင်သဖြင့် အသိပညာဗဟုသုတ ရရှိမည့် စာအုပ်စာစောင်များဖတ်ရှုသင့် ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့က စားသုံးသူ၏အခွင့်အရေး (၈)ချက်များ အကြောင်းနှင့် အစားအသောက်နှင့် ပတ်သက်၍ ကုန်အညွှန်းပါသော အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကို ဝယ်ယူခြင်းလိုက်နာသုံးစွဲပါက ကျန်းမာရေးကို ဦးစားပေး ခြင်းဖြင့် ကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းများ ရရှိခံစား ကြရမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင် များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်