ဟင်္သာတ စက်တင်ဘာလ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျောင်းအခြေပြု အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနေလင်း ဦးဆောင်၍ ကျန်းမာရေးအဖွဲ့ (၅၉) ဖွဲ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၈၉) ကျောင်းရှိဆေးထိုးစုရပ်တို့တွင် နေ့စဥ်ထိုးနှံပေးလျက်ရှိရာ အသက် (၉) နှစ် ပြည့်ပြီး အသက် (၁၂) နှစ် မကျော်သော ကျောင်းအခြေပြု ထိုးနှံပေးမည့်ကျောင်းသူဦးရေ (၇၄၉၃) ဦး ရှိကြောင်းနှင့် ယမန်နေ့ထိ ထိုးနှံပြီးသူ (၃၄၃၇) ဦးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
ကာကွယ်ဆေးထိုးစုရပ်များတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ/ဆရာမများပူးပေါင်းပြီး ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး လက္ခဏာများမဖြစ်စေရန် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)