ကျုံပျော် စက်တင်ဘာ ၂၂
လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးစိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် အထက(၁) ကျောင်းအုပ် ဆရာကြီး ဦးလှနိုင်၊ မြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးတင်ဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးမင်းသန်း၊ Grade (11)မှ မောင်ပြည့်ဖြိုးပိုင်၊ Grade(10)မှ မအိအိဟန်နှင့်၊ မောင်မင်းသန့် တို့က လူငယ်နှင့် စည်းကမ်း၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် အားကစား စသည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြပြီး၊ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား ပါဝင်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ် မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည် ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့် လူငယ် အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။
လပြည့်ဦး(ပြန်/ဆက်)