နတ်မောက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်တွင် အခြေခံပညာအလယ်ကျောင်း(တမာပင်)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်မျိုးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့ကောင်းများရရှိစေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ.လ.က(တမာပင်)ကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-9 ကျောင်းသား မောင်မြင့်မြတ်ဖြိုးက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-8 ကျောင်းသား မောင်ခန့်ဇော်သက်က လူငယ်နှင့်ကြီးပွားရေး၊ Grade-7ကျောင်းသူ မသွန်းကြယ်စင်က လူငယ်နှင့်ကျန်းမာရေး၊ Grade-8 ကျောင်းသူ မအေးအေးမူက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-9 ကျောင်းသူ မဝေနှင်းခိုင်က လူငယ်နှင့်ပညာရေး၊ Grade-9 ကျောင်းသူ မယွန်းမီမီထွန်းက လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများကလည်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း