တိုင်းရင်သားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနား ပုသိမ်မြို့၌ ကျင်းပ

ပုသိမ် စက်တင်ဘာ ၂၁

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရ၁၀တီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ရခိုင်နှင့် ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများထံသို့ တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ၀န်ကြီး စောလင်းခယ်က နိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် ကိုယ့်လူမျိုးဘာသာစကားတစ်ခုထဲ တတ်မြောက်ဖို့မဟုတ်ဘဲ ကျောင်းသင်ခန်းစာများကို ဆည်းပူးလေ့လာပြီး ပညာတတ်အောင် သင်ယူကြဖို့လိုကြောင်း၊ အရည်အချင်းပြည့်မှသာ အများနှင့်ယှဉ်ပြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ကြမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွှတ်မှုရှိရန်လည်း လွန်စွာမှအရေးကြီးကြောင်း တိုင်းရင်းသားများ လူမူဘဝများဖွံဖြိုးတိုးတက်ဖို့ နိုင်ငံတော်မှ အကြီးအကဲများအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ဖြန့်ဝေပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များကို သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းများထံသို့ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းများကိုယ်စား ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်ပေးအပ်ပွဲကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ ဖြန့်ဝေပေးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ (၄) ကြိမ်မြောက် ဖြန့်ဝေပေးခြင်းဖြစ်ပြီး တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ဖြန့်ဝေပေးခြင်းအားဖြင့် တိုင်းရင်းသား ကလေးငယ်များ မိမိတို့ ဘာသာစာပေစကားများကို ပိုမိုစိတ်ဝင်စားလာစေရန်၊ သင်ကြား သင်ယူလိုမှု ပိုမိုများပြားလာစေရန်၊ မူလတန်းစာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရန်နှင့် တိုင်းရင်းသားတို့၏ စာပေနှင့် စကားတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွှတ်မှု ချစ်ကြည်လေးစားမှုတို့ကို ရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)