နတ်မောက် စက်တင်ဘာ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နေကြာအပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်း သက်သာသော ချေးငွေများ(အရင်းမပျောက်မတည်ရန်ပုံငွေ) မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အား ဒုတိယအကြိမ်ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ချောင်းနက်ကျေးရွာ၊ အိုင်ဇောက်ကျေးရွာနှင့် တယ်ထပ်ကျေးရွာ စုစုပေါင်း ကျေးရွာ ၃ ရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် နေကြာ၊ အစေ့ထုတ်ပြောင်းနှင့် ဖွဲနုတို့အပါအဝင် စားသုံးဆီ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများ လိုအပ်လျက်ရှိသော မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအနက်မှ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအား ဦးစားပေး၍ ၎င်းတို့လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များအတွက် ချေးငွေထုတ်ချေးပေးရာတွင် အတိုးနှုန်းကို ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား(၅၀)နှုန်းဖြင့် သတ်မှတ်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
နတ်မောက်မြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ဖြင့် ချောင်းနက်ကျေးရွာအုပ်စု ချောင်းနက်ကျေးရွာ (Type-1) ဖြင့် နေကြာစိုက်ပျိုး ဧက (၂၀၀)ဧက၊ နေကြာစိုက်ပျိုးတောင်သူ (၁၂၀)ဦး စီမံကိန်းမတည်ရန်ပုံငွေကျပ် ၃၀ သန်း၊ အိုင်ဇောက်ကျေးရွာအုပ်စု အိုင်ဇောက်ကျေးရွာ (Type-2)ဖြင့် နေကြာစိုက်ပျိုးဧက (၈၀)ဧက၊ နေကြာစိုက်ပျိုးတောင်သူ (၈၀)ဦး စီမံကိန်းမတည်ရန်ပုံငွေကျပ် ၂၀ သန်း၊ ချောင်းနက်ကျေးရွာအုပ်စု တယ်ထပ်ကျေးရွာ (Type-3) ဖြင့် နေကြာစိုက်ပျိုးဧက (၅၀)ဧက၊ နေကြာစိုက်ပျိုးတောင်သူ (၅၀)ဦး စီမံကိန်း မတည်ရန်ပုံငွေကျပ် ၁၀ သန်းဖြင့် စုစုပေါင်း ကျေးရွာ(၃)ရွာတွင် နေကြာစိုက်ပျိုးဧက (၃၃၀)ဧက၊ နေကြာစိုက်ပျိုးတောင်သူ (၂၅၀)ဦးကို ဒုတိယအကြိမ်မြောက်အဖြစ် စီမံကိန်းမတည် ရန်ပုံငွေကျပ် ၆၀ သန်း ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှ သိရသည်။
မူမူစန်း