ယင်းမာပင် စက်တင်ဘာလ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် အသက်(၉) နှစ်မှ (၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား ကျောင်းအခြေပြုအစီအစဉ်ဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသူများအနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းအားဖြင့် အမျိုးသမီးများတွင် အများဆုံးဖြစ်တတ်သည့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပြီး စောစီးစွာထိုးနှံပေး ခြင်းအားဖြင့် ခုခံအားစနစ်သည် ၈၅ ရာခိုင်နှုန်းအထိ အမြင့်မားဆုံးကာကွယ်ပေးနိုင်ကြောင်း၊ HPV ပိုးသည် လိင်မှတစ်ဆင့်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ပြီး မည်သူမဆို လူ့ဘဝသက် တမ်းတစ်လျှောက်တွင် အချိန်မရွေး ရောဂါပိုးဝင်ရောက်နိုင်ကြောင်း၊ HPV ပိုးကူးစက်ခံရသူ အများစုတွင် ကူးစက်ခံရပြီး ရောဂါလက္ခဏာမပြဘဲ ကင်ဆာအဆင့်ရောက်မှသာသိရှိရကြောင်း၊ HPV ရောဂါ ပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်းတို့ကို ကျန်းမာရေး ဝန်ထမ်းများက အသိပညာပေး ဟောပြောခဲ့သည်။
ယင်းမာပင်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို ကျောင်းအခြေပြုအဆင့် တွင် စက်တင်ဘာ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)