အိမ်မဲ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းများနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို စက်တင်ဘာလ ၁၉ရက်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အ.မ.က လယ်ပေါ်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူ၊ လူငယ်၊ လူရွယ်များအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် စာဖတ်ခြင်းဖြင့်ဘဝကို အလှဆင်ပါ ခေါင်းစဥ်တို့ဖြင့် အကျယ်တဝင့်ဟောပြောပေးခဲ့ပြီး အမကလယ်ပေါ် ကျောင်းအတွက် စာအုပ်စာစောင်များကို လှူဒါန်းပေး ခဲ့သည်။ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဝင့်ဝါဝင်းထွဋ်က ကလေးသူငယ်အခွင့်အရေး (၄)ချက်တို့ကို အကျယ်တဝင့် ဟောပြောပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်/ဆက် ဝန်ထမ်းများက ကျောင်းသား/သူများကို စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ/မများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)