ကေ့ာကရိတ် စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျုံဒိုးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး သိကောင်းစရာတို့ကို ဟောပြော ခဲ့သည်။
ထိုနောက် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဦးက ကျောင်းသားကျောင်းသူလူငယ်များ ယာဥ်များမောင်းနှင်ရာတွင် အသက်(၁၈) နှစ်ပြည့်နှင့် ယာဥ်မောင်းလိုင် စင်ပြုလုပ်၍ မောင်းနှင်ကြရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့်အမှတ်အသားများ မော်တော်ဆိုင်ကယ်/မော်တော်ယာဥ် မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် နည်းဥပဒေပုဒ်မများ၊ ဆိုင်ကယ်စီးလျှင်ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင် စီးနှင်းရေး စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက်ကျောင်းသူကျောင်းသားများကို ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ မေးခွန်းများ မေးမြန်းရာအဖြေမှန် ဖြေကြားခဲ့သည့် ကျောင်းသူကျောင်းသားများကို ခရိုင်ကုန်လမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အမှတ်တရဆုများ ချီးမြှင့်ပေးခဲ့ကြသည်။ ယင်းနောက် ကျောင်းသူကျောင်းသားများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)