ပဲခူးမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူး စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီတွင် ပဲခူးမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအေးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက Moderator အဖြစ် ဆောင်ရွက်ပေးပြီး အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade 11 မှ မနှင်းနဒီအောင်က “လူငယ်နှင့်ဘဝနေနည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 11 မှ မောင်နိုင်လင်းထက်က “လူငယ်နှင့်စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 10 မှ မောင်မင်းခန့်ကျော်က “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်နှင့် Grade 10 မှ မောင်အာကာသင်္ကြန်က “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် အသီးသီးဦးဆောင်ဆွေးနွေးပေးသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့သည်။

ဆက်လက်၍ ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်က ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)