ဘားအံ၊ အောက်တိုဘာ ၁၉
ကရင်ပြည်နယ်တွင် နောက်ဆုံးအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ (အုပ်ချုပ်ရေးမှူးရုံးများ) တွင် ကပ်ထားကြေညာအပြီးတွင် ပုံစံ (၃)၊ (၃-က)၊ (၄)၊ (၄-ဂ) တို့ဖြင့် တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်သူ ၃၀၃၈၁ ဦးရှိပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥပဒေလုပ်ထုံးလုပ်နည်းများအညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ကြေညာအပြီးတွင် ပုံစံ(၃)၊ (၃-က)ဖြင့် တောင်းဆိုသူ ၂၇၇၈၇ ဦး ရှိပြီး ပုံစံ(၄)၊(၄-ဂ)တို့ဖြင့် ကန့်ကွက်သူ၊ ပြင်ဆင်လွှာတင်သွင်းသူ ၂၅၉၄ ဦးရှိကြောင်း ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှသိရပြီး နောက်ဆုံးအကြိမ်ထုတ်ပြန်ခဲ့သည့်မဲစာရင်းမှ ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၉၂၀၅၁ ဦးအနက် ပြင်ဆင်ဖြည့်စွက်မှုများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် မဲရုံပေါင်း ၈၅၂ ရုံဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး တစ်သီးပုဂ္ဂလ ၂၃ ဦးအပါအဝင် နိုင်ငံရေးပါတီ ၁၅ ပါတီမှ ကိုယ်စာလှယ်လောင်းဦးရေ ၂၃၃ ဦး အရွေးချယ်ခံယှဉ်ပြိုင်သွားကြမည်ဟုသိရပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် စုစုပေါင်း ၂၀၀၈၇ ဦး ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေးလံခက်ခဲပြီး နယ်မြေလုံခြုံရေးအခြေအနေများကြောင့် လူဦးရေစာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိသည့် ကျေးရွာအုပ်စု ၅၃ အုပ်စုရှိပြီး ဘားအံမြို့နယ်တွင် ကျေးရွာအုပ်စု (၁) အုပ်စု၊ သံတောင်ကြီးမြို့နယ်တွင် (၈) အုပ်စု၊ ကော့ကရိတ်မြို့နယ်တွင် (၇) အုပ်စု၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် (၉) အုပ်စု၊ မြဝတီမြို့နယ်တွင် (၃) အုပ်စု၊ ဖါပွန်မြို့နယ်တွင် (၂၅) အုပ်စုတို့ဖြစ်ကာ အဆိုပါကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။
ဘားအံ (ပြန်/ဆက်)