လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

လွိုင်ကော် စက်တင်ဘာ ၂၁

လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ နွယ်သာကီခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်ကော်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးက အနာဂတ်ကိုပခုံးပြောင်း တာဝန်ယူကြမည့်လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးပြီး စာရိတ္တမဏ္ဍိုင် ကောင်းမွန်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ ထို့နည်းတူအသိပညာဗဟုသုတ အမြင်ကျယ်ဖို့လည်း လိုအပ်ပါကြောင်း၊ မိမိတို့လူမှုအသိုက်အဝန်းသည်နည်းပညာ တစ်ခုတည်းဖြင့် ကျော်ဖြတ်နေသည် မဟုတ်သည့်အတွက် အခြားသောဗဟုသုတဖြစ်ဖွယ် အသိပညာနှံ့စပ်သိမြင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း သို့အတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းသည် စာဖတ်ခြင်းနှင့်စာပေဗဟုသုတ လိုက်စားခြင်း ပင်ဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏စာကြည့်တိုက်တွင် စာအုပ်စာစောင်များ၊ သုတ၊ ရသစာပေများကို စဉ်ဆက်မပြတ် ဝယ်ယူဖြည့်တင်းပေးလျက်ရှိပါကြောင်း၊ ကျောင်သား/သူများ အသင်းဝင်ရောက်၍ လာရောက်ငှားရမ်း ဖတ်ရှုလေ့လာနိုင်ပြီး အသိပညာဗဟုသုတ ရှာမီးစေလိုကြောင်း စသည်ဖြင့်အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် ဟောပြောပွဲသို့တက်ရောက်လာသော ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

   

အောင်ထွန်းလေး