ထားဝယ် စက်တင်ဘာ ၂၁
နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က လူငယ်များအနေဖြင့် အနာဂတ်တွင် အောင်မြင်သောလူငယ်များဖြစ်စေရေးအတွက် ယခုချိန် ကတည်းက တန်ဖိုးရှိသော စာပေနှင့်အသိပညာဗဟုသုတများ ဆည်းပူးလေ့လာရန်လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာ ပြီးရရှိသော အသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေ ပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား/သူအချင်းချင်း၊ လူငယ်များအချင်းချင်းညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်း ဖလှယ်ရန်လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပက လာရောက်ဟောပြော ပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာ မှတ်သားရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူများ အနေဖြင့်တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်လာနိုင်စေရန်၊ အလေ့အကျင့်ကောင်းများရရှိစေရန်၊ ယခုလိုလူငယ်စကား ဝိုင်းကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ် (၂)အခြေခံပညာထက်တန်း ကျောင်းမှကျောင်းသား/သူများဖြစ်ကြ သည့် Grade-9 ကျောင်းသား မောင်အောင်ချမ်းငြိမ်းက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-11 ကျောင်းသူ မသွန်းဟေမာန်နွေးက လူငယ်နှင့် မူးယစ်ဆေး၊ Grade-11 ကျောင်းသူ မမေသက်ခိုင် က လူငယ်နှင့်အားကစား၊ Grade-10 ကျောင်းသား မောင်ပိုင်ဖြိုးကျော်က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ Grade-11 ကျောင်းသူ မနွယ်နီဝင်းက လူငယ်နှင့်စာရိတ္တ၊ Grade-10ကျောင်းသူ မဝင်းသူသူဟန်က လူငယ်နှင့် ဆိုရှယ်မီဒီယာ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများနှင့်အပြန်အလှန်မေးမြန်းဆွေးနွေးပြီး တိုင်းဒေသကြီးပညာ ရေးညွှန်ကြားရေးမှူးဦးဝင်းနောင်က ဆွေးနွေးပြောကြားသောကျောင်းသား/သူများ အားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာကြီး ဦးအောင်လွင်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များအားပြသခဲ့ကြောင်းနှင့် စာအုပ်စာစောင်များအား ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)