စလင်း စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ စျေးကွက်အတွင်း ကလေးအဟာရဖြည့်စွက်စာရောင်းချနေမှုကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် မြို့မစျေးပတ်ဝန်းကျင်ရှိ ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များအား ဝင်ရောက်စစ်ဆေးခဲ့ကြသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက မြို့မစျေးပတ်ဝန်းကျင်နှင့် ရပ်ကွက်များအတွင်း ရောင်းချလျှက်ရှိသည့် ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များတွင် ကလေးအဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈) ပုဒ်မ(၄၁)ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ညွှန်ကြားချက်အမိန့်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နို့စို့အရွယ်ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသည့် အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းများနှင့် ကိုက်ညီမှု ရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
(မောင်လွင်)စလင်း