လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို  စက်တင်ဘာ   ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို မြို့ဦးစီးဌာနရုံးရှိ  Community Centre ခန်းမ တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုအပေါ် ကာကွယ်ပေးသော ဥပဒေပုဒ်မများအကြောင်း၊ အကြမ်းဖက်မှု အမျိုးအစားများဖြစ်သည့်  ရုပ်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း၊ အကြမ်းဖက်မှုဖြစ်ပွားနိုင်သော အကြောင်းအရင်းများနှင့်ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်သော အသိပညာပေး အကြောင်းအရာများကို  အကျယ်တဝင့် သိရှိစေရေးအတွက် ပြသထားရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)