မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မြဝတီ  စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့်  စာပေဖတ်ရှုမှု၊ စာဖတ်ရှိန်စဉ်ဆက်မပြတ်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်၁၀နာရီကအမှတ် (၂)နှင့်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေးသည်။

အဆိုပါ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည်နေ့ခင်းအားလပ်ချိန် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊  စာပေဖတ်ရှမှု  အလေ့အအကျင့် ကောင်းများ၊  စာပေမှရရှိသည့် အသိတို့ဖြင့်  အမှား/အမှန်  ဝေဖန်ပိုင်ခြားတတ်စေရန်၊ ကျောင်းစာသင်ကြားရာတွင်များစွာ အထောက်အကူပြုစေရန်နှင့် မိမိဖတ်ရှုသည့် စာပေများမှ သူတပါးအား ပြန်လည်မျှဝေပေးနိုင်ရန်တို့အတွက်  ဗဟုသုတဖြစ်ဖွယ် သုတ/ရသစာပေ တစ်ကျောင်းလျှင်  အုပ်ရေ(၃၀)အုပ် ငှားရမ်းပေးခဲ့သည်။ ထို့သို့ရွှေ့လျားစာကြည့်တိုက်စနစ်ဖြင့်  ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  အပတ်စဉ်   အခြေခံ ပညာကျောင်းများအလိုက်   ပုံမှန်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)