လှိုင်းဘွဲ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အနာဂတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် တန်ဖိုးရှိသည့် အနာဂတ်လူငယ်များ ဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လှိုင်းဘွဲမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ကျောင်းသူများသည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်အတွက် ဗလငါးတန်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်းနှင့် စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ကျောင်းသားကျောင်းသူများက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်၊ လူငယ်နှင့်ကြီးပွားရေး၊ လူငယ်နှင့်မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးတို့ကို အသီးသီး ဆွေးနွေးခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝင်းရွှေက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)