ပန်းတောင်း စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်သောအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ပန်းတောင်းတပ်နယ်မှူးဗိုလ်မှူးချုပ်မျိုးတင့်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ကျော်မိုး၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်နှင့်မြို့မစခန်းမှူး ဒုတိယရဲမှူးမျိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ရွာသာယာကျေးရွာအုပ်စု၊ ကံမလမ်းခွဲလမ်းဘေးရှိ တောင်သူဦးအေးစန်း၏ပီလောပီနံနှင့် နေကြာသီးနှံ (၂၀)ဧကစိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဒီပါအေးဆုတောင်းပြည့်စေတီတော်နှင့် ဗောဓိတစ်ထောင်ဘုရားကုန်းတောင်တောရကျောင်းဆရာတော် သဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိမလဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမျှော်ခဲ့ကြောင်း သိရသည်။
ထို့နောက် တောင်ဘွေကျေးရွာအုပ်စု၊ ပဲကြီးအင်းကျေးရွာရှိ Trillin Engineering ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော (၂၂၀၀´×၁၂´×၆) ရွာတွင်းလမ်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ ဒေါင်းမြတ်နားကျေးရွာအုပ်စုရှိ ဦးခင်ဇော်လတ်ပိုင်ဘရဏီအုတ်စက်၌ ဘိလပ်မြေအုတ်များထုတ်လုပ်နေမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)