မြင်းမူ စက်တင်ဘာ ၂၁
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိမိတို့၏ ရိုးရာတောင်သူလုပ်ငန်းအပြင် အခြားသီးပင်/စာပင်များကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ထိုင်ဝမ်ပြောင်းဖူးသည် ဝယ်လိုအားရှိပြီး ဈေးကွက်ရှိကြောင်း သိရှိရသည်။
ထိုင်ဝမ်သကြားပြောင်းဖူးပင်မှာ စိုက်ပျိုးပြီး(၂)လအကြာတွင် အဖူးများ စတင်ထွက်ရှိကြောင်း၊ ယခုခြံအတွင်း အပင်(၅၀၀၀)ကို စိုက်ပျိုးထားရှိကြောင်း၊ မျိုးအနေဖြင့် နံပါတ်(၇၀၂) ထိုင်ဝမ်အမျိုးအစားဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့နှင့်လုပ်အားခအပါအဝင် စုစုပေါင်းငွေကျပ် (၁၅၀၀၀၀)ခန့် ကုန်ကျမှုရှိကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၈၀)ခန့် အရောက်တွင် ချိုးယူရောင်းချနိုင်ပြီဖြစ်ကြောင်း ပြောင်းဖူးပင်တစ်ပင်လျှင် မိမိစိတ်ကြိုက် အကောင်းဆုံးအဖူးကို စတင်ခူးယူနိုင်ကြောင်း၊ နောက်ခူးယူမည့် ဒုတိယအသီးမပါ တစ်ပင်လျှင် (၁)ဖူးနှုန်းဖြင့် အဖူး(၅၀၀၀)ခန့်ရရှိပြီး လက်ရှိဈေးအရ(၁)ဖူးလျှင် (၁၅၀)ကျပ် (ဖောက်သည်ဈေး)ဖြင့် ရောင်းချမည်ဆိုပါက ငွေကျပ်(၇၅၀၀၀၀)ခန့် ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း မြစ်ပေါက်ကျေးရွာမှ ပြောင်းဖူးစိုက်ပျိုးလုပ်ကိုင်နေသူ ဦးဖိုးဇော်ထံမှ သိရှိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ မိရိုးဖလာ ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် နှမ်း စိုက်ပျိုးလုပ်ကိုင်ခြင်းနှင့်အတူ စိုက်ထုတ်ရင်းနှီးမှုနည်းပါးကာ အမြတ်ငွေပိုမိုရရှိနိုင်ပြီး ဒေသ ရာသီဥတုနှင့် ကိုက်ညီသည့် စားဖိုဆောင်သီးနှံများဖြစ်သည့် တိုင်ထောင်ပဲ၊ ခဝဲပင်၊ ဗူးပင်၊ ရုံးပတေသီးပင်၊ ငရုပ်ပင်၊ အပင်နိမ့်မျိုး အာဆီယံဂွေးတောက် စသဖြင့် ရွေးချယ်ကာ မိသားစု ပုံမှန်ငွေရရှိရေးအတွက် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)