(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ထားဝယ်မြို့တွင်ကျင်းပ

ထားဝယ်  စက်တင်ဘာ ၂၁

(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။  

ရှေးဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲအား ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ခရိုင်အဆင့်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက နိုင်ငံတော်က အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးကို၁၉၉၃ ခုနှစ်မှစတင်ပြီး  ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပြတ်ကျင်းပပေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှစတင်၍ ကျင်းပနိုင်ခြင်းမရှိကာ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ဦးတည်ချက် (၄)ရပ်ဖြင့် ကျင်းပမှာဖြစ်ကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲတွင်ရွေးချယ်ခံရသူများအနေဖြင့်ထားဝယ်ခရိုင် ကိုယ်စား ပြုပြီး တနင်္သာရီတိုင်းဒေသကြီးအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ကြရမှာဖြစ်ကာ တိုင်းဒေသကြီးအဆင့်တွင်ထပ်မံရွေးချယ်ခံရသူများက ဗဟိုအဆင့်ပြိုင်ပွဲသို့ တက်လှမ်းယှဉ်ပြိုင် သွားရမှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များကိုမူလဗီဇကပင် မြတ်နိုးထိန်းသိမ်းတတ်ကြသူများဖြစ်သည့် ပြိုင်ပွဲဝင်များအနေဖြင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ပိုမိုရှင်သန်ခိုင်မာရေးအတွက်မဆုတ်မနစ် သော ဇွဲ၊ လုံ့လ၊ ဝိရိယများဖြင့် ခရိုင်အဆင့်မှ တိုင်းဒေသကြီးအဆင့်၊ တိုင်းဒေသကြီးအဆင့်မှ ဗဟိုအဆင့်တိုင်အောင်တက်လှမ်းပြီး တိုင်းဒေသကြီးဂုဏ်ဆောင် ဖြစ်လာရေးကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ထားဝယ်ခရိုင်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် အခြေခံပညာအသက်(၁၀ နှစ်မှ ၁၅ နှစ်) အမျိုးသမီး(ဆိုင်း တစ်ဦးချင်းပြိုင်ပွဲဝင် မဖူးပွင့်ခိုင်က ဖျော်ဖြေတင် ဆက်သည်။

ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်တွင် အခြေခံပညာအဆင့်အသက် (၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ် ပြိုင်ပွဲဝင်များ၏ယှဉ်ပြိုင်နေမှုကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်လူမှုရေးရာဝန်ကြီးဦးသန့်ဇင်၊ သယံ ဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်မိဘများနှင့် ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)