မြဝတီ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများမှ အသက် ၉ နှစ် ပြည့်ပြီး ၁၂ နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်၌ ကျင်းပသည်။
အစည်းအဝေးတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးဖြူက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်၍ သေဆုံးမှု အများဆုံးဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမည့် အသက်အုပ်စုသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မွေးဖွားသော အသက် ၉ နှစ် မှ ၁၂ နှစ် မကျော်သော မိန်းကလေးများသာ ထိုးနှံပေးမည်ဖြစ်၍ ရပ်ကွက်၊ ကျေးရွာတာဝန်ခံများက စာရင်းကောက်ယူပေးပို့ကြရေးလိုအပ်ပါကြောင်းနှင့် ကျောင်းနှင့် ရပ်ကွက်/ ကျေးရွာ အခြေပြုပုံစံဖြင့် ထိုးနှံသွားမည်ဖြစ်ကြောင်း ပြောကြားပေးကာ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံမှုနှင့် လွမ်းခြုံမှု အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပေးသည်။
ထို့နောက် တက်ရောက်ကြသည့် ဌာနဆိုင်ရာများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးပြီး အဆိုပါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို နိုင်ငံတော်မှ အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)