သာယာဝတီ စက်တင်ဘာ ၂၁
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က နိုင်ငံရေးပါတီတာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် (၆) မြို့နယ်၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လဝကဦးစီးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီ ပဲခူးတိုင်း(အနောက်ခြမ်း)ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ သာယာဝတီခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် (၈) မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ/ အဖွဲ့ဝင်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဗဟို ဒုတိယဥက္ကဋ္ဌ (၁) ဦးရန်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီတာဝန်ခံများမှ မိတ်ဆက်စကားပြောကြားကာ ဦးစိုးဦးမှ ပါတီဝင်အင်အား စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအနေဖြင့် ပါတီဝင်အင်အား စိစစ်ခြင်းနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များအား ဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့ကြောင်း၊ ယင်းနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီကိုယ်စားလှယ်များမှ ပါတီဝင်အင်အားစိစစ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးကညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)