တောင်ငူမြို့ ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ငူ စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ နေ့လယ် (၁) နာရီခွဲအချိန်က တောင်ငူမြို့၊ ကန်ရိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက “လူငယ်နှင့်စာပေ”၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဥပဒေ၊ သတင်းအချက်အလက်နှင့် နည်းပညာတာဝန်ခံ ဦးစောသန်းထိုက်ကျော်က  စားသုံးသူကာကွယ်ပေးရေး အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး (၈) ချက်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာထွေးက “လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့် အသီးသီးဟောပြောဆွေးနွေးကြပြီး ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)