ဟုမ္မလင်းမြို့နယ် ကျေးရွာများရှိ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) သွားရောက်ထိုးနှံပေး

ဟုမ္မလင်း စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း​​ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟုမ္မလင်းမြို့နယ် ညောင်ပင်သာကျေးရွာ မူလွန်ကျောင်း၊ ရေလဲကျေးရွာ အ.ထ.က ခွဲတို့၌ စုစုပေါင်း ကျောင်းသူ ၁၀၀ ဦးကို ထိုးနှံပေးခဲ့​ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူလေးများကို ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားပါက နောက်ဆက်တွဲ ဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် HPV ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပြီး HPV ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)