ကျွန်းလှ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက် နိုင်ရန်အတွက် ယမန်နေ့ နံနက် ၇ နာရီက ကျွန်းလှမြို့၊ မြို့မစည်ပင်သာယာဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိ သူများ ကြီးကြပ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက စားသုံးဆီ တစ်ပိဿာ ငွေကျပ် ၅၃၀၀ နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ၅၀ ကျပ်သားနှုန်း၊ ဆီပိဿာ ၂၂၀ ကို အိမ်ထောင်စု ၄၄၀ အား လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အခြေခံစားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့ပေါ်ဈေးများ၌ အပတ်စဉ် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ