ဝေါမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သောကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

ဝေါ စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီးအသက် (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၉ ရက်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ညောင်ခါးရှည်ကျေးရွာ၌ ကျောင်းသူ (၈၁) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အိအိဖြူ (သားဖွားဆရာမ)၊ ဒေါ်မေဇင်ထိုက် (သားဖွားဆရာမ)၊ ဒေါ်ပန်းအိဖြူ (PHD2) တို့က (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် (HPV) ပိုးကြောင့်ဖြစ်ပွားကြောင်း၊ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သောအမျိုးသမီးငယ်များအား (HPV) ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် (Human Papilloma Virus) ဟုခေါ်သည့် (HPV) ပိုးကြောင့်ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူအမျိုးသမီးငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)