အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၌ လူငယ်စကားဝိုင်းကျင်းပ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်အားပေး

ဘားအံ စက်တင်ဘာ ၂၁

အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က အဆိုပါအထက်တန်းကျောင်း နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျောင်းသား/ကျောင်းသူများက GTHS(ဘားအံ) ကျောင်းတော်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။

လူငယ်စကားဝိုင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူငယ်များတွင် အနာဂတ်အတွက် စိတ်ကူးစိတ်သန်းများ၊ စိုးရိမ်မှုများ၊ အိမ်မက်များ၊ မျှော်လင့်ချက်များ ကိုယ်စီရှိကြပြီး ၎င်းတို့ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် စာအုပ်စာစောင်များဖတ်ရှုခြင်း၊ အတွေ့အကြုံရှိသူများကိုမေးမြန်းခြင်း၊ လူငယ်အချင်းချင်းတိုင်ပင်ဆွေးနွေးခြင်းတို့မှ အတွေးအမြင်ပိုမိုကျယ်ပြန့်လာနိုင်ကာ အောင်မြင်မှု ပန်းတိုင်ဆီ ချီတက်ရာတွင် တစ်နည်းတစ်လမ်းအားဖြင့် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များကို တန်ဖိုးရှိသည့် လူသား အရင်းအနှီးများအဖြစ် မျှော်မှန်းပြုစုပျိုးထောင်ပေးနေပြီး လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိ တန်ဖိုးရှိသည့်လူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး  လူငယ်စကား ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ အစီအစဉ်တင်ဆက်သူအဖြစ် ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း ပထမနှစ်ကျောင်းသား၊ ကျောင်းသူများဖြစ်သော နန်းနွေးနွေးဦးက လူငယ်ကျန်းမာရေးနှင့်အားကစား၊ မအေးမြတ်ချယ်က လူငယ်နှင့်စာပေ၊ နော်ခရစ်မိုးဝင်းက လူငယ်နှင့်နည်းပညာ၊ မောင်ထက်စောဦးက လူငယ်နှင့်ဝါသနာ၊ စောဇင်ဆက်ထူးက လူငယ်နှင့်အသက်မွေးဝမ်းကျောင်းခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြပြီး  တက်ရောက်လာသော အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၊ စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း(ဒုံရင်း)၊ ယူရီကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများက မေးခွန်းများကို  ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူငယ်စကားဝိုင်း အစီအစဉ်တင်ဆက်သူနှင့် ဦးဆောင်ဆွေးနွေး သူများအား ဂုဏ်ပြုငွေကျပ်(၂)သိန်းကို ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ကျောင်းသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ အစိုးရစက်မှုလက်မှုအထက်တန်ကျောင်း (ဘားအံ)နှင့် စိုက်ပျိုးမွေးမြူရေးအထက် တန်းကျောင်း(ဒုံရင်း)အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူ ဆရာ၊ ဆရာများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်နှင့် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးသိပ္ပံ (ဘားအံ)တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူ ၁၅၇ ဦးအား အဆိုပါကျောင်းခန်းမ၌ သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးသည်အဓိကအရေးကြီးပြီး ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် ဉာဏ်ပညာပွင့်လန်း၍ ထူးချွန်ထက်မြတ်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ စာများများဖတ်ဖို့လိုပြီး စိုက်ပျိုးမွေးမြူရေးဘာသာရပ်များအပြင် ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်စာပေများကို ဖတ်ရှု လေ့လာကြစေလိုကြောင်း၊ သင်ကြား၊ သင်ယူနေသည့် ဘာသာရပ်များကို တစ်ဖက်ကမ်းခပ်တတ်မြောက် ကျွမ်းကျင်အောင်ကြိုးစားကြစေလိုပြီး ပြည်နယ်နှင့်နိုင်ငံကို ပြန်လည်အလုပ်အကျွေးပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်း အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)ရှိ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ဥစားကြက်ခြံ၊ ငါးမွေးမြူရေးကန်၊ စိုက်ပျိုးနည်းစနစ်များအလိုက် မိုးစပါးစိုက်ခင်းများ၊ အသားတိုးကြက်မွေးမြူရေးခြံ၊ နွားမွေးမြူရေးခြံနှင့် ဆိတ်မွေးမြူရေးခြံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အမှတ်(၂)အခြေခံပညာ အထက်တန်ကျောင်း၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ ကရင်ပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ အနုပညာရှင်၊ ဝါသနာရှင်များ စုစုပေါင်း ၂၄၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်တရားသူကြီးများက အခြေခံပညာ အသက် ၁၀ နှစ်မှ ၁၅ နှစ်ထိ အမျိုးသား/အမျိုးသမီးအကပြိုင်ပွဲ၊ ဝါသနာရှင်ဒုတိယတန်းအဆင့် အမျိုးသား/အမျိုးသမီး အကပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်ထိ အမျိုးသား/အမျိုးသမီးအကပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၀ နှစ်မှ ၁၅ နှစ်ထိ မဟာဂီတအဆိုပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်ထိ မဟာဂီတအဆိုပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၀ နှစ်မှ ၁၅ နှစ်ထိ ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်ထိ ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ၊ ဝါသနာရှင်ဒုတိယတန်း အမျိုးသား/အမျိုးသမီး ခေတ်ဟောင်း ကာလပေါ်အဆိုပြိုင်ပွဲ၊ အဆင့်မြင့်ပညာခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်ဇာတိဂုဏ် အဆိုပြိုင်ပွဲ၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဝါသနာရှင်ဒုတိယတန်း အရေးပြိုင်ပွဲ၊ စန္ဒရား၊ တယော အတီးပြိုင်ပွဲ၊ ရှမ်းရိုးရာအက၊ ကရင်ဒုံးအကတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် အထူးဆုရရှိကြသူများအား ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျင်းပရေးကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီးက ဒိုင်အဖွဲ့နှင့်အတီး ပံ့ပိုးအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဆုရရှိသူများက ပြန်လည်သီဆိုတီးမှုတ်ကပြ ဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)