ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် အသိပညာပေးဟောပြောပွဲကျင်းပ

ဇလွန် စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အ.မ.က ညောင်ပင်စျေးကျောင်းတွင် ​ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် အ.မ.က ညောင်ပင်စျေး တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာနွယ်က အဖွင့်အမှာစကားပြောကြားခဲ့ သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လေးမွန်ကြည်က ခွေးရူးရောဂါကာကွယ် တားဆီးရေးအကြောင်း အရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က လူငယ်နှင့် ခေါင်းဆောင်မှု အကြောင်းသိကောင်းစရာ များနှင့် ကျောင်းသား/ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ် ခြင်း၏ အကျိုးကျေးဇူးများ၊ လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးရန်မသင့်သည့် အစားအစာများကို စားသုံးရန်မသင့်သည့် အကြောင်းအရာများကို အသီးသီး အသိ ပညာပေး ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က အ.မ.က ညောင်ပင်စျေးကျောင်းသို့ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)