ကန်ကြီးထောင့် အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ် ၁၈၃၇ ဦးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ခ်ျပီဗီကာကွယ်ဆေး ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခ ခန်းမ၌ပြုလုပ်သော အိတ်ခ်ျပီဗီ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲမှ မြို့နယ် ဆရာဝန်ကြီး၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရီရီခင်က သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါလက္ခဏာများ၊ ကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာများ၊ အိတ်ခ်ျပီဗီပိုးနှင့် သားအိမ်ခေါင်း ကင်ဆာအကြောင်း၊ အိတ်ခ်ျပီဗီ ကာကွယ်ဆေးအကြောင်း သိကောင်းစရာများနှင့် မြို့နယ်အတွင်းရှိ ရည်မှန်းအုပ်စုဝင် အမျိုးသမီးငယ် ၁၈၃၇ ဦးကို အိတ်ခ်ျဗီပီ ကာကွယ်ဆေး ထိုးနှံပေးသွားမည့် အစီအစဉ်များနှင့် ပက်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများမှ သိလိုသည်များမေးမြန်းရာ မြို့နယ်ဆရာဝန်ကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အိတ်ခ်ျပီဗီကာကွယ်ဆေး ထိုးနှံရာတွင် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ ရည်မှန်းဦးရေ အမျိုးသမီးငယ် ၁၈၃၇ ဦးကို အောက်တိုဘာ ၂၀ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာ များရှိ ကျန်းမာရေးဌာန အသီးသီးတွင် စတင်ထိုးနှံပေးသွားမည်ပြီး ကာကွယ်ဆေးကို တစ်ကြိမ်နှင့် တစ်ကြိမ် ၁၂ လခြား၍ ၂ ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းထိုက်(ပြန်/ဆက်)