မြဝတီ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းစာသင်ကြားမှုအပြင် ပြင်ပဗဟုသုတရရှိစေရေးအတွက် ဌာနဆိုင်ရာအလိုက် လစဉ်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာယနေ့နံနက် ၁၀ နာရီက အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)မှတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးအောင်လင်းဌေးနှင့် တပ်ဖွဲ့ဝင်များက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဗဟုသုတများကို အသိပညာပေး ဟောပြောသည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က အမှာစကားပြောကြားပေးပြီး အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးအောင်လင်းဌေးက ယာဉ်မောင်းသူများနှင့် လမ်းအသုံးပြုသူများ လိုက်နာရမည့်အချက်များ၊ အသက်(၁၈)နှစ်မပြည့်ပါက ယာဉ်မောင်းနှင်ခွင့် မပြုကြောင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများလိုက်နာရမည့် စည်းကမ်းချက်များ၊ လမ်းညွှန်အမှတ်အသားများနှင့် အသိပညာပေး အကြောင်းအရာတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပေးသည်။
ထို့နောက်ဟောပြောပွဲသို့တက်ရောက်ကြသည့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)