မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် ချေးငွေပေးအပ်ပွဲ ကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရန်အတွက် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍအလိုက် ခွင့်ပြုချထားပေးသည့်လုပ်ငန်းများ အောင်မြင်‌စွာဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း   နိုင်ငံတော်မှတောင်သူများအား စိုက်ပျိုး‌ရေးလုပ်ငန်း ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ချေးငွေအထောက်အပံ့များ ထုတ်ပေးသကဲ့သို့‌ တောင်သူများအနေဖြင့် လည်းပေးဆပ်ရမည့်ကာလတွင် တာဝန် ကျေပွန်စွာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှု ‌ကော်မတီအတွင်း‌ရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးဌေးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေချေးယူမည့်သူများကို စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသိန်းက စိုက်ပျိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးနည်းစနစ်များအား ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးမြှင့်တင်ရေးရန် ပုံငွေပေးအပ်ပွဲကျင်ပပြုလုပ်ခဲ့ရာ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်း‌ဆောင်ရွက်ရန် အဖွဲ့(၄)ဖွဲ့မှ တောင်သူ(၃၅)ဦးအား ချေးငွေကျပ်(၄၉.၆)သန်းအား မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)