မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်းဖွင့်လှစ်

မော်လိုက် စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ကလေးများအား အသိပညာပေး သင်တန်းကို ယနေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်းစုံညီ ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းတွင်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအေးလွင်က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်မာမာအေးက ကျောင်းသူ/ကျောင်းသားများကို ဆက်လက်၍ အမှာစကားပြာကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယှဉ်လှနှင့် ဝန်ထမ်းများက သင်တန်းတွင် “ကလေးသူငယ် အခွင့်ရေးများ”၊ “ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေများ”၊ “ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ် များ”၊ “ကလေးများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ” စသည့်ခေါင်းစဉ်များဖြင့် သင်တန်းတွင် Projector ပြသ၍ အကျယ်တဝင့် ဆွေးနွေးပို့ချခဲ့ကြသည်။ ယင်းနောက် ကျောင်းသူ/ ကျောင်းသားများ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ‌ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းအား “ကလေးသူငယ် အခွင့် အရေးများကို ကလေးများ သိရှိနားလည်ပြီး  ဥပဒေနှင့် အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်၏ ကျင့်ဝတ် စည်းကမ်းများကို သိရှိနားလည်ရန် ရည်ရွယ်၍” ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိထံမှ သိရသည်။

ခရိုင်ပြန်/ဆက်