ကဝမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကဝ စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(ခွဲ)စက်ကုန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းဝင်းက "လူငယ်နှင့်ရွေးချယ်မှု" ခေါင်းစဉ်ဖြင့် လူငယ်များအတွက် ဘဝခရီးကိုလျှောက်လှမ်းရာမှာ ပညာရေး၊ အလုပ်အကိုင် ရွေးချယ်ခွင့်နှင့်ပတ်သက်ပြီး သေချာစွာရွေးချယ်သင့်ကြောင်း၊ လူငယ်တွေလုပ်ငန်းတစ်ခုကို‌ရွေးချယ်ရာမှာ ဆန္ဒအမှန်အတိုင်းရွေးချယ်နိုင်မှ ဝါသနာပါရာလုပ်ငန်းခွင်မှာ အချိန်ကိုစနစ်တကျသတ်မှတ်ပြီး အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကောင်းထက်လင်းက အားကစားဆိုတာဘာလဲ၊ အားကစားအမျိုးအစား(၄)မျိုးအကြောင်း၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူး၊ ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်ရန်နှင့် အားကစားသိပ္ပံအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုတားစီးကာကွယ်‌ရေး အသိပညာပေးနံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)