ဖာပွန်မြို့တွင် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်

ဖာပွန် အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၁)နာရီ အချိန်က မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မင်းထွန်းက မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲပေးနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြိုတင်မဲစာအိတ်များနှင့် လက်မှတ်များအား ပေးပို့ခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ (၄) နာရီမတိုင်ခင် ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲ လက်မှတ်စာအိတ်များအား လုံခြုံစွာ ထည့်သွင်းသိမ်းဆည်းထားရှိနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများရှေ့တွင် မဲပုံးအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယနေ့ အချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၀၃၈၆)ဦးရှိပြီး ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈) အုပ်စု၊ စုစုပေါင်းရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)ခုတွင် မဲရုံပေါင်း(၂၅)ရုံ ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)