လွိုင်ကော် စက်တင်ဘာ ၂၀
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံ၍ MSMEs လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်ခြင်းသည် နိုင်ငံစီးပွားရေးကို တိုးတက်စေမည်ဖြစ်၍ MSMEs စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးတင်ပြရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSMEs စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိပြီး ပြည်နယ်အတွင်းလိုအပ်သည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ဒေသထွက်ကုန်ပစ္စည်းများကို One Region One Product အဖြစ် ရွေးချယ်၍ အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှတစ်ဆင့် ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တွဲဖက်အတွင်းရေးမှူးက ပြည်နယ်အတွင်း MSMEs စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက်များ၊ ပူးပေါင်းချိတ်ဆက်ပေးလိုသည့် ကိစ္စရပ်များကိုတင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက်ပံ့ပိုးကူညီပေးနိုင်မည့်ကိစ္စရပ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းနောက် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ကဏ္ဍအလိုက်ဒေသထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားသော အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်ပစ္စည်း ပြခန်းများဖြစ်သည့် သစ်အခြေခံထုတ်ကုန်ပစ္စည်းများပြခန်း ၊ သမဝါယမ ထုတ်ကုန်ပစ္စည်းများပြခန်း ၊ ငါးနှင့် ထုတ်ကုန်ပစ္စည်းများပြခန်း ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ အိမ်တွင်းမှုသက်မွေး လုပ်ငန်းထုတ်ကုန် ပစ္စည်းများပြခန်း ၊ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများပြခန်း ၊ မွေးမြူရေး ထုတ်ကုန် ပစ္စည်းများပြခန်း ၊ စက်မှုလက်မှု ထုတ်ကုန် ပစ္စည်းများပြခန်း ၊ အသေးစားစက်မှု လက်မှုထုတ်ကုန်ပစ္စည်းများပြခန်း ၊ ရက်ကန်းလုပ်ငန်း ထုတ်ကုန် ပစ္စည်းများပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)