မြဝတီ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားရရှိစေရေးတို့အတွက် ဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တောင်သူများအား နေကြာမျိုးစေ့ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပေးသည်။
ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်နိုင်ဦးက တောင်သူများအတွက် နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အဓိကထား ကူညီထောက်ပံ့ပေးလျက်ရှိရာ ပြည်တွင်းစားသုံဆီ ဖူလုံမှုရှိရေးနှင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုမျိုးစေ့များကို ရာသီအလိုက် အချိန်မီ စိုက်ပျိုးစေလိုကြောင်းတို့ကို ပြောကြားပေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းရွှေက ဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှု ပုံစံအဆင့်ဆင့်နှင့် အပင်ရှင်သန်ကြီးထွားမှုရှိရေး ဂရုပြုရမည့်အချက်များကို အသေးစိတ် ရှင်းလင်းပေးသည်။
ဆက်လက်၍ ဆောင်းနေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စု ၅ အုပ်စုမှ ကျေးရွာ ၆ ရွာရှိ တောင်သူများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း၊ ခရိုင်စီမံအုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ကျေးရွာအလိုက် တောင်သူများအား ဆောင်းနေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပေးသည်။ မြဝတီမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် အတွင်း စာသုံးဆီ ဖူလုံမှု ရှိရေးဧက ၅၅၀ ဧကအတွက် စိုက်ပျိုးမည့် ကျေးရွာအုပ်စုများအား နေကြာစေ့ ကီလို ၉၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)