ကမမောင်း စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အထက်မီးဇိုင်းကျေးရွာတွင် ငှက်ပျောအမျိုးမျိုး စိုက်ပျိုးကြပြီး ထွက်ရှိသည့် ငှက်ပျောများကို ကမမောင်းဈေးတွင်ရောင်းချကြသကဲ့သို့ ငှက်ပျောပွဲစားများက ခြံများအထိ လာရောက်ဝယ်ယူကြခြင်းများလည်းရှိသည့်အတွက် ငှက်ပျောများ ရောင်းအားကောင်းလျက်ရှိကြောင်း အထက်မီးဇိုင်းကျေးရွာ ငှက်ပျောစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
ကမမောင်းမြို့ အထက်မီးဇိုင်းကျေးရွာသည် ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျော၊ ရွှေနီငှက်ပျောတို့ကို စိုက်ပျိုးလျက်ရှိပြီး ရွှေနီငှက်ပျောနှင့် ငှက်ပျောချဉ်တို့မှာ ဈေးကွက် အခြေအနေအရ တိုးချဲ့စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
စိုက်ခင်းများမှထွက်ရှိသည့် ငှက်ပျောများကို အဖီးနှင့် သီးလုံးကြီးထွားမှုပေါ်မူတည်ကာ တစ်ဖီးချင်းဈေး၊ တစ်ခိုင်လုံးဈေးဖြင့် ရောင်းချရကြောင်း၊ ငှက်ပျောများကို သဘာဝအတိုင်း စိုက်ပျိုးခြင်းဖြစ်သည့်အတွက် ဓာတုကင်းလွတ်ငှက်ပျောများဟု လူသိများကာ ထွက်သလောက် ရောင်းချနေရပြီး ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ၁၅၀၀ ကျပ်၊ ရခိုင်ငှက်ပျောတစ်ဖီးလျှင် ၁၀၀၀ ကျပ်ဈေး ရရှိကြောင်း ငှက်ပျောစိုက်ပျိုးတောင်သူများထံက သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)