ပြည်မြို့ အ.ထ.က (၅) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ

ပြည် စက်တင်ဘာ ၂၀

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်မြို့နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းဆောင်ရွက်သော  "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ"ကို ယနေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ အဆိုပါကျောင်း ပညာတံခွန်ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရာ ဟောပြောပွဲတွင် ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြခိုင်က  "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဦးစီးအရာရှိ ဦးအောင်ကိုသန့်က "လူငယ်ရေးရာဘက်စုံဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးသည်။

ယင်းနောက် ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အ.ထ.က (၅) ကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းပြီး ဟောပြောပွဲတက်ရောက်လာသော ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်၏ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲမှ သုတ/ရသစာအုပ်စာစောင်များကို လေ့လာကြည့်ရှုအားပေးကြကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)